Powered By Blogger

Sunday, February 26, 2012

အင်းလေးကန်အတွင်း ရေပြင်ဧရိယာ ကျဉ်းမြောင်းလာကာ တစ်နှစ်ထက်တစ်နှစ် ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ် အသုံးပြုရန် မသင့်တော်သည့်အခြေအနေတွင်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။
''အင်းလေးကန်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကန်ရေပြင် တဖြည်းဖြည်း ကျဉ်းမြောင်းလာသလို ရေအရည်အသွေးကလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ အရင်နှစ်တွေတုန်းက အခြေအနေက သောက်ဖို့မသင့်တော်ပေမယ့် သုံးလို့ရနိုင်တဲ့ အနေအထားရှိသေးတယ်။ ခုနောက်ပိုင်းမှာ ကျန်းမာရေးရှုထောင့်အရ သုံးဖို့တောင် မသင့်တော်တော့တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီရေမှမသုံးရင် သုံးစရာရေမရှိလို့ မဖြစ်မနေသုံးနေရတယ်ဆိုရင်လည်း ဒီရေကိုသုံးနေရတဲ့အတွက် အကျိုးသက်ရောက်မှုက တိုက်ရိုက်မဟုတ် ရင်တောင် သွယ်ဝိုက်ပြီးလာနိုင်ပါတယ်။ ဒါတွေကို ဒေသခံတွေ သတိပြုသင့်ပါတယ်''ဟုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုပါသည်။
ရေအရည်အသွေးကျဆင်းရ  ခြင်းဖြစ်ပေါ်စေသည့်အကြောင်းရင်း များမှာ ပိုးသတ်ဆေးများအလွန်အ ကျွံသုံးစွဲလာခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှု များပြားလာခြင်း၊ ရေမှော်၊ ဗေဒါ၊ဒိုက်စသည်များ ဖွံ့ဖြိုးလာခြင်း၊ ရေခြံ(floating gardens) အဟောင်းများ စနစ်တကျ မဖယ်ရှားနိုင်ခြင်း၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားများ၏ စွန့်ပစ်ပစ္စည်းများ ပေါများလာခြင်း၊ မိလ္လာစနစ်များ ခေတ်မမီခြင်းနှင့် လက်ရက်ကန်းများတွင် အသုံးပြုသော ဆိုးဆေး(Dye)များအား ကန်အတွင်းစွန့်ပစ်ခြင်းများကြောင့်ဖြစ်ကြောင်းလည်း သိရသည်။
''အင်းလေးဝန်းကျင်က ဒေသခံတွေမှာ သဘာဝနဲ့မကိုက်ညီတဲ့ အသက်မွေးမှုတွေ ရှိနေတယ်။ စားဝတ်နေရေးက ခေတ်နဲ့လိုက်လျောညီထွေရှိအောင် မလုပ်တာလည်းပါတယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးတယ်။ ခရမ်းချဉ်သီးအတွက် ဓာတ် မြေသြဇာတွေ အသုံးများလာတယ်။ အမှိုက်တွေ စည်းကမ်းမဲ့ပစ်တယ်။ စတဲ့အကြောင်းအရာတွေကြောင့် ရေအရည်အသွေး ကျကျလာတယ်။ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ဒီရေတွေကို ဒေသခံတွေ သောက်သုံးနေတာဟာ သက်ရောက်မှုတွေ လာနိုင်တယ်။ ဒါကြောင့် ဒီရေတွေကို သောက်သုံးရေအဖြစ် မသုံးသင့်တဲ့အခြေအနေမှာ ရှိနေပါတယ်''ဟုလည်း UNDP မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အင်းလေးကန်သည် ၁၉၃၄ ခုနှစ် မြေတိုင်းမြေပုံများအရ ကန်အကျယ်အ၀န်းမှာ ၁၀၄ စတုရန်းမိုင်၊ ၂၀၀၅ ခုနှစ်တွင် ၈၇ ဒသမ ၅၄ စတု ရန်းမိုင်၊၂၀၀၇ ခုနှစ်တွင် ၆၃ စတု ရန်းမိုင်သာရှိတော့ကြောင်း ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာနမှရရှိသော သတင်းများအရ သိရှိရသည်။
အင်းလေးကန်အတွင်း ရေ၀င်ချောင်း စုစုပေါင်း ၂၉ ချောင်းရှိကာ အဓိကစီးဝင်သည့်ချောင်းများမှာ နမ့်လတ်ချောင်း၊ နယ်ခြားချောင်း၊ ကလောချောင်းနှင့် ဘီလူးချောင်းတို့ဖြစ်ကာ ရေဆင်းဧရိယာစုစုပေါင်း ၁၄၂၂  စတုရန်းမိုင်ရှိကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

Please write only about environmental and nature, we can not accept about political and other comment that are not bordered.