မကြာမီ လွှတ်တော်တွင် အတည်ပြုဖွယ်ရှိသော နောက်ဆုံးအဆင့်သို့
ရောက်ရှိနေသော လယ်ယာမြေ ဥပဒေကြမ်းနှင့်အတူ မြေလွတ်၊ မြေလပ်၊ မြေရိုင်း
ဥပဒေမူကြမ်းများမှာ ဆင်းရဲ မွဲတေမှု လျော့ချရေးအတွက် ပြဿနာ များစွာ
ရှိလာနိုင်ကြောင်းနှင့် ဥပဒေမူကြမ်းမှာ ဘက်ပေါင်းစုံပြည့်စုံသော
ဥပဒေမူကြမ်း မဟုတ်ကြောင်း အမေရိကန်နိုင်ငံ၊ ကိုလံဘီယာ တက္ကသိုလ်
ဘောဂဗေဒဌာနမှ ပါမောက္ခဖြစ်သူ Mr.Joseph Stiglitz က ဖေဖော်ဝါရီ လ ၁၁ ရက်နေ့
ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းချုပ်တွင် ပြုလုပ်သော စီးပွားရေးဖွံ့ဖြိုးမှု မဟာဗျူဟာနှင့်
မြန်မာနိုင်ငံ ရှေ့အလားအလာ အကြောင်း ဟောပြောပွဲတွင် ပြောကြားခဲ့ကြောင်း
သိရှိရသည်။
“တိုင်းပြည်တစ်ပြည်မှာ မြေယာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ
smallholder farmer တွေကို ထောက်ပံ့ပေးနိုင်မှုတွေက
တိုင်းပြည်စီးပွားရေးတိုးတက်ဖို့ အရေးပါသလို ဆင်းရဲ မွဲတေမှု
လျော့ချရေးအတွက်လည်း အရေးပါပါတယ်။ ဒါပေမဲ့ မြေယာ
ပေါ်လစီမပီပြင်ဘူးဆိုရင်တော့ မပြည့် စုံတဲ့မူကြမ်းအတွက် သတိပေးဖို့
လိုအပ်ပါတယ်။ အခု မြေယာဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေလည်း
ရှိနေတယ်ဆိုတော့ ဒီဥပဒေမူကြမ်းကို အတည်ပြုမယ့်ကိစ္စက မှန်ကန်မှု ရှိ၊ မရှိ
စစ်ဆေးရတော့မှာပါ”ဟု ၎င်း က ပြောခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံဧရိယာ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းမှာ
သစ်တောဖုံးလွှမ်းထားသော ဧရိယာများ ဖြစ်ပြီး ယင်းအနက် ၂၅ ရာခိုင်နှုန်း မှ ၃၀
ရာခိုင်နှုန်းမှာ သစ်တောဥပဒေအရ အကာအကွယ် ပေးထားသော ပမာဏဖြစ်ပြီး ကျန်သည့် ၂၀
ရာခိုင်နှုန်း ၀န်းကျင်ကို မြေလွတ်မြေလပ် မြေရိုင်းဟု ယူဆလိုက်သောကြောင့်
ယင်းမြေလွတ် မြေရိုင်းများပေါ်တွင် နိုင်ငံခြားသား လုပ်ငန်းရှင်များက
ရာဘာနှင့် ဆီအုန်းသီးနှံများစိုက်ပျိုး ရန် ပြင်ဆင်နေကြကြောင်းနှင့်
ကမ်းလှမ်းထားမှုများလည်း ရရှိထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
အဓိကအားဖြင့် မြေလွတ်မြေလပ်မြေရိုင်းဟု သတ်မှတ်ထားတဲ့ နေရာများတွင်
ကြိုးပြင်တောများ ပါနေကြောင်း၊ သစ်တောကြိုးဝိုင်းထဲတွင် ရှိနေသည့် ပမာဏက ၃၀
ရာခိုင်နှုန်း လောက်သာရှိပြီး သစ်တောဦးစီး ဌာန အကာအကွယ် ပေးထားသည်ဟု
သိရသည်။ ကျန်မြေများကို မြေလွတ် မြေရိုင်းလို့ ယူဆလိုက်သည့်အတွက်
အဆိုပါတောများကို စိုက်ပျိုးရေးအတွက် အသုံးချရန် ဖွင့်ပေးလိုက်ခြင်း
နှင့်လည်း တူသွားကြောင်း၊ မြေလွတ်ကိုပေးခြင်းက ပြသာနာမရှိသော်လည်း
တောရှိနေသော အနေအထားကို မြေလွတ်မြေရိုင်းဟု ယူဆလိုက်သည့်အတွက် ပြဿနာတွေ
ရှိလာနိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။
မြေလွတ်မြေလပ် မြေရိုင်းနှင့် ပတ်သက်လျှင် သုံးမျိုးခွဲထားသည်ဟု
သိရှိရသည်။ လက်ရှိ ရှိနေသည့် မြေကိုပင် ပိုင်ရှင်မရှိဘဲ လွတ်နေသည့် အတွက်
မြေလွတ်မြေရိုင်းဟု သတ်မှတ်သကဲ့သို့ ကွင်းပြောင်ကြီးများကိုလည်း
မြေလွတ်နေသည့်အတွက် မြေလွတ်မြေ ရိုင်းလို့ သတ်မှတ်ကြောင်း၊ အလားတူ
တောရိုင်းများ ပါသွားကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တို့၏
အဆိုအရ သိရှိရသည်။
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလအထိ မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိက
စီးပွားရေးလုပ်ငန်း ၂၁၆ ခုအား၊ တရားဝင်လုပ်ကိုင်ခွင့် ပြုခဲ့သော နယ်မြေ
ဧရိယာ အကျယ်အ၀န်း စုစုပေါင်းမှာ ဧက ၁ ဒသမ ၇၅ သန်းနီးပါးရှိ ကြောင်း၊
ယင်းကဲ့သို့ ခွင့်ပြုလိုက်သော နယ်မြေဧရိယာအကျယ်အ၀န်း ၏တစ်ဝက်ခန့်မှာ
တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးမှု အတွက်ပေးခဲ့သည့်
မြေများဖြစ်ကြောင်း၊ ဒုတိယအများဆုံးမှာ ကချင်ပြည်နယ်ဖြစ်ကြောင်းနှင့်
ကချင်ပြည်နယ်တွင် ကုမ္ပဏီ ၁၁ ခုက ဧက လေးသိန်းနီးပါး
လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းတစ်ခုဖြစ်သော ARDC ၏
ဖော်ပြချက်အရ ကချင်ပြည်နယ်တွင် လုပ်ငန်းလုပ်ကိုင် ခွင့်ပြုချက် ၁၄ ခု
ထုတ်ပေးထားပြီး မြေဧကခြောက် သိန်းနီးပါးရှိကြောင်း၊ ရှမ်းပြည်
နယ်မြောက်ပိုင်းတွင် ကုမ္ပဏီ ၁၇ ခု အား မြေဧက ငါးသောင်းကျော်
ခွင့်ပြုပေးထားကြောင်း သိရသည်။ အခြား တစ်ဖက်တွင်လည်း အစိုးရ၏
စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် မြေမဲ့ယာမဲ့ပမာဏမှာ စုစုပေါင်း၏
သုံးပုံတစ်ပုံ ရှိနေကြောင်း၊ ယင်းကဲ့သို့ တိုးလာခြင်းမှာ ယင်းမြေများ
ကုန်သည်၊ လုပ်ငန်းရှင်များ လက်ထဲသို့ ရောက်သွားခြင်းလည်း ပါဝင်သောကြောင့်
ယင်းကဲ့သို့သော အနေအထား တစ်ရပ်ပေါ်တွင် ချင့်ချိန်နိုင်မည့် mechanism တစ်ခု
လိုအပ်ကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ယင်းအကြောင်းအရာများနှင့် ပတ်သက်၍ နိုင်ငံတော် စီးပွားရေး အကြံပေးအဖွဲ့၏
ခေါင်းဆောင်ဖြစ်သူ ဒေါက်တာဦးမြင့်က ကျေးရွာများ မှ အများပိုင်မြေများကို
ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့် ပေးအပ်ခြင်းကြောင့် လယ်သမားများမှာ
ယင်းမြေများကို အသုံးပြုခွင့် မရရှိတော့ဘဲ ဖြစ်မည်ကို စိုးရိမ်ကြောင်း၊
ယင်းကိစ္စမှာ ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းရေး မဟာဗျူဟာအတွက်
လုပ်ငန်းစီမံချက်ချမှတ် ရာတွင် အာရုံစူးစိုက်သင့်သော ကိစ္စများဖြစ်ကြောင်း
စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။


No comments:
Post a Comment
Please write only about environmental and nature, we can not accept about political and other comment that are not bordered.