မြန်မာ-ထိုင်း နယ်နိမိတ်မြစ်များတွင် မြန်မာနိုင်ငံ၏ သဘောတူညီမှု မပါဝင်ဘဲ
ထိုင်းဘက်က မြေထိန်းနံရံများ ဆောက်လုပ်ခြင်း၊ ရေလမ်းထိန်းသိမ်းရေး
လုပ်ငန်းများ လုပ်ဆောင်နေခြင်းများကို မြန်မာ-ထိုင်း နယ်နိမိတ်မြစ်များ
ဆိုင်ရာ နည်းပညာကျွမ်းကျင် ကော်မတီဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးခြင်း
ပြုလုပ်သွားရန် ရှိကြောင်း သိရှိရသည်။
ယင်းကော်မတီကို ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန၊
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ မြေတိုင်းဦးစီးဌာန၊ ရေအရင်းအမြစ်
နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊
ရေတပ်ပင်မတိုင်းတာရေးတပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ
နယ်နိမိတ်ဌာနတို့ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု
အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ အမှတ်၁/၂၀၁၂ဖြင့် ဖွဲ့စည်းခဲ့သည်။
အဆိုပါကော်မတီသည် မြန်မာနိုင်ငံ အစိုးရအဖွဲ့က ချမှတ်ပေးသော
မူဝါဒဘောင်အတွင်း မြန်မာ-ထိုင်း နယ်နိမိတ်မြစ်များတွင် မြန်မာနိုင်ငံ၏
သဘောတူညီမှု မပါဝင်ဘဲ ထိုင်းဘက်က မြေထိန်းနံရံများ ဆောက်လုပ်ခြင်း၊
ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောက်လုပ်နေခြင်းများကို
ထိုင်းကိုယ်စားလှယ် အဖွဲ့နှင့် ပူးတွဲကွင်းဆင်းစစ်ဆေးခြင်းများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ စစ်ဆေးတွေ့ရှိချက်ကို အခြေပြု၍
နှစ်နိုင်ငံ သဘောတူဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာဖွေခြင်း၊
မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့်၊ တုံ့ပြန်ဆောင်ရွက်နိုင်
မည့်(သို့မဟုတ်) အဆိုပြုနိုင်မည့် နည်းလမ်းများအား ရှာဖွေခြင်းများကိုလည်း
ပြုလုပ်သွားမည်ဟု သိရသည်။
မြန်မာ-ထိုင်းကုန်းနယ်နိမိတ် အငြင်းပွားနေရာများနှင့် ပတ်ချန်မြစ်ဝရှိ
ကျွန်းသုံးကျွန်းကိစ္စနှင့် ပတ်သက်၍လည်း အထူးလုပ်ငန်းဦးစီးအဖွဲ့ (Special
Task Force) နှင့် လက်အောက်ခံ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားပြီး ဥပဒေ၊
နည်းပညာအရ ကြိုတင်ပြင်ဆင် ရှာဖွေလေ့လာရေး ကိစ္စများကို ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ အမှတ် ၃/၂၀၁၂ အရ
သိရှိရသည်။
ထို့ပြင် မြန်မာ-ထိုင်း နယ်စပ်ဒေသတွင် အရေးတကြီးဆောင်ရွက်ရန် ပြဿနာများ
ပေါ်ပေါက်လာသည့်အခါ ပူးပေါင်းဖြေရှင်းနိုင်ရန် အတွက် မြန်မာ-ထိုင်း
ဒေသဆိုင်ရာ နယ်ခြားကော်မတီနှင့် မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြား
ကော်မတီတို့ကို ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၁၁
ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ
ဖွဲ့စည်းထားသည့် မြို့နယ်များမှာ တာချီလိတ်၊ ဖားဆောင်း၊ ဘောလခဲ၊ မြ၀တီ၊
ကြာအင်းဆိပ်ကြီး၊ ကော့သောင်းမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။


No comments:
Post a Comment
Please write only about environmental and nature, we can not accept about political and other comment that are not bordered.