ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပြဋ္ဌာန်းပြီးပါက ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ
ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်များတွင်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ယခင်ကထက်ကျယ်ကျယ်ပြန့်ပြန့်
ထည့်သွင်းချုပ်ဆိုသွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။
လက်ရှိတွင်လည်း
ကမ်းလွန်လုပ်ကွက်များအတွက် ချုပ်ဆိုထားသည့် ထုတ်လုပ်မှုအပေါ်
ခွဲဝေခံစားရေးစာချုပ်များတွင် ပင်လယ်ရေကြောင်းသွားလာရေးနှင့်
ရေလုပ်ငန်းတွင် ထိခိုက်မှုမရှိစေရေး၊ ရေထုညစ်ညမ်းမှုမရှိစေရေး
သဘောတူညီချက်များကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ နှင့်
ဆန့်ကျင်မှုမရှိစေရန် ချုပ်ဆိုထားကြောင်း သိရသည်။ ကုန်းပိုင်းလုပ်ကွက်များ၏
ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်တွင် Health, Safety and Environmental
Impact Assessment စသည့် အချက်များအားစာချုပ်များတွင်
ထည့်သွင်းချုပ်ဆိုထားပြီး ဆောင်ရွက်ဆဲ နှင့်
ဆောင်ရွက်မည့်စီမံကိန်းများတွင်လည်း EIA,SIA များဆောင်ရွက်စေပြီး
စီမံကိန်းကာလတစ်လျောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး
စီမံခန့်ခွဲမှုစနစ်များဖြင့် ဆောင်ရွက်စေခဲ့ကြောင်း သိရှိရသည်။
ဥပဒေ
ပေါ်ပေါက်လာပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းမည်ဟု သိရသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
မြှင့်တင်ရေးတို့အတွက် လိုအပ်သော အဆိုပြုချက်နှင့် အကြံပြုချက်များကို
သက်ဆိုင်ရာအစိုးရ ဌာန အဖွဲ့အစည်းများထံမှ တောင်းခံခြင်း၊
ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျှင်သော်လည်းကောင်း၊
ထိခိုက်ပျက်စီးနိုင်သောအခြေအနေများ ဖြစ်ပေါ်လျှင်သော်လည်းကောင်း
သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများအား တားမြစ်ခြင်းနှင့်လိုအပ်ပါက
ပြည်ထောင်စု အစိုးရအဖွဲ့သို့ မူဝါဒတောင်းခံခြင်း၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးအတွက်
မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒများနှင့်
အခြားပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို ပြည်ထောင်စုအစိုးရအဖွဲ့၏
အတည်ပြုချက်ဖြင့် ချမှတ်ဆောင်ရွက်ခြင်း၊ လိုအပ်သောအမိန့်ကြော် ငြာစာ၊
အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်ခြင်းတို့ကိုလည်း
လုပ်ပိုင်ခွင့်ရှိကြောင်း ဥပဒေကြမ်းအရ သိရှိရသည်။

No comments:
Post a Comment
Please write only about environmental and nature, we can not accept about political and other comment that are not bordered.