Powered By Blogger

Wednesday, February 29, 2012

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ စက်မှုနယ်မြေများနှင့် ထိုင်းနိုင်ငံနှင့် ဆက်သွယ်သည့် လမ်းကြောင်းအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုဘ၀ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းကို တတိယ အဖွဲ့အစည်းများဖြစ်သည့် ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ် နှင့်ကုမ္ပဏီနှစ်ခုတို့မှ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။

Italian-Thai Development Public Co., Ltd (ITD) အနေဖြင့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ စက်မှု နယ်မြေများ အပါအ၀င် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများ၊ ထိုင်းနိုင်ငံနှင့် ဆက်သွယ်မည့် မော်တော်ကားလမ်း၊ ရထားလမ်း စသည်တို့ အတွက် အမေရိကန်ဒေါ်လာ သန်း ၈၆၀၀ ခန့် ရင်းနှီးမြှပ်နှံကာစီမံကိန်းအား ၁၀ နှစ်အတွင်း အပြီး တည်ဆောက်သွားမည်
“အထူးစီးပွားရေးဇုန် တည်ဆောက်မှုနှင့် ပတ်သက်၍လည်းကောင်း ထိုင်းနိုင်ငံနှင့် ဆက်သွယ်သည့် လမ်းကြောင်းဖောက်လုပ်ခြင်းကြောင့် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လေ့လာ ဆန်းစစ်မှုများ (Environmental Impact Assessment)၊ လူမှုဘ၀ ထိခိုက်မှုကို လေ့လာဆန်းစစ်မှု များ (Social Impact Assessment)) ကို စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒီလိုလေ့လာဆန်းစစ်ရာမှာ ရေနက် ဆိပ်ကမ်းနဲ့ စက်မှုဇုန်နယ် မြေများအတွက် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု၊ လူမှုဘ၀ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းကို တတိယအဖွဲ့အစည်း(Third Party)ဖြစ်တဲ့ TEAM Consulting Engineering and Management Co., Ltd. ကလည်း ကောင်း၊ ထိုင်းနိုင်ငံနဲ့ ဆက်သွယ်မယ့် လမ်းကြောင်းနဲ့ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းကို တတိယ အဖွဲ့အစည်းဖြစ်တဲ့ Chulalongkorn University and Tesco Co., Ltd တို့ ကလည်းကောင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေးစီမံကိန်းတို့အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာဆိပ်ကမ်း အာဏာပိုင်နှင့် Italian-Thai Development Public Co., Ltd (ITD) တို့မှ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် မူဘောင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းတစ်ခုလုံး ၏ ရင်းနှီး တည်ဆောက်သူဖြစ်သည့် Italian-Thai Development Public Co., Ltd(ITD)  အနေဖြင့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ စက်မှုနယ်မြေများ အပါ အ၀င် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများ၊ ထိုင်းနိုင်ငံ နှင့် ဆက်သွယ်မည့် မော်တော်ကား လမ်း၊ ရထားလမ်း စသည်တို့အတွက် အမေရိကန်ဒေါ်လာသန်း ၈၆၀၀ ခန့်ရင်းနှီးမြှုပ်နှံကာ စီမံကိန်းအား ၁၀ နှစ်အတွင်းအပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“ထားဝယ်စက်မှုဇုန် နယ်နိမိတ်အတွင်း လောင်းလုံမြို့နယ်က နေ ညောင်ပင်ဆိပ်ကျေးရွာ ၊ရေဖြူ မြို့နယ်မှ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ မယင်းကြီး၊ မူဒူးရွာနဲ့ ကလုတ်ထာကျေးရွာတို့ အပါအ၀င် ရွှေ့ပြောင်းရမယ့် ကျေးရွာ စုစုပေါင်း ခုနစ်ရွာ ရှိပါတယ်။ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ မယင်းကြီး၊ မူဒူးရွာ တို့ကို ဘ၀ါရွာမှာလည်ကောင်း၊ ကလုတ်ထာ ကျေးရွာကို ကလုတ်ကျေးရွာ အနီးပတ်ဝန်းကျင်တွင် ပြန် လည်နေရာချထားပေးရေး ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျေးရွာရွှေ့ပြောင်းမှုမှာ တစ်ပါတည်းပါရှိရမယ့် ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း၊ သာသနိက အဆောက်အအုံတွေကို ကျေးရွာပြောင်းရွှေ့ချိန်မှာ အဆင်သင့်ဖြစ်အောင် ညှိနှိုင်းထားပါတယ်။ ထားဝယ် အထူးစီးပွားရေးဇုန်ဥပဒေ ပုဒ်မ ၅၀ (က၊ခ၊ဂ) အရ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းတွေမှာ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းတွေအတွက် နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနဲ့ ၀န်ထမ်းများ ကို လုပ်ငန်းစတင်တဲ့နှစ်မှ ပထမ ငါးနှစ်ကုန်ဆုံးချိန်တွင် အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယငါးနှစ် ကုန်ဆုံးချိန်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယငါးနှစ်ကုန်ဆုံးချိန် တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း အသီးသီး ခန့်ထားပေးရေး  စီစဉ် ဆောင်ရွက်ထားပါတယ်”ဟု ပြော ကြားခဲ့သည်။
ပြောင်းရွှေ့မည့် ကျေးရွာများမှ မိသားစုများအတွက် သွပ်မိုး၊ နှစ်ထပ် တိုက်ခံအိမ် အမျိုးအစားများ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Please write only about environmental and nature, we can not accept about political and other comment that are not bordered.