Powered By Blogger

Wednesday, April 4, 2012

ဥရုမြစ်အတွင်းတွင် ရေနည်းကာလ ဖြစ်သောကြောင့် မြစ်၏အချို့ နေရာများတွင် လူများပင်ခြေလျင် ဖြတ်ကူး၍ ရနေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
“ဥရုမြစ်အတွင်းမှာ ရေစူးက တစ်တောင်ကျော်လောက်ပဲ ရှိတယ်။ ဥရုမြစ်ဘေးမှာရှိတဲ့ မျက်နှာခြင်းဆိုင် ရွာတွေဆိုရင် တစ်ရွာနဲ့တစ်ရွာမျက် နှာခြင်းဆိုင်ဆို မြစ်အတွင်း ခြေလျင်ဖြတ်လို့ရတယ်။ ဥပမာ-နောင်ပို အောင်ရွာနဲ့တစ်ဖက်က သဖန်းကုန်းရွာဆိုရင် ခြေလျင်ကူးလို့ရတယ်။ ဥရု မြစ်ရဲ့အထက်ဖက်က ကျေးရွာတိုင်း မှာ ဥရုကို ခြေလျင်ဖြတ်လို့ရတယ်။ ဥရုမြစ်ထဲမှာလည်း ရှော်တယ်ကြီး တွေဆိုရင် မ၀င်နိုင်တော့တဲ့အတွက် ကုန်ကဲ့တဲ့စက်လှေလေးတွေနဲ့ ဥရု မြစ်ထဲဝင်ရတယ်။ ဒါတောင်ရွာတစ် ရွာကိုဖြတ်ကျော်ဖို့အတွက် တစ်ရက် လောက်အချိန်ပေးကြရပါတယ်။ ဥရုမြစ်မှာ ရေနက်တဲ့ မြစ်ထဲကအိုက် တွေဘာတွေမရှိတော့ဘူး”ဟု နောင်ပိုအောင် ကျေးရွာဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ဥရုမြစ်အထက်ပိုင်းတွင် ရွှေလုပ်ငန်းလုပ်ကိုင်မှုနှင့် ကျောက်စိမ်း တူးဖော်မှု အများအပြားရှိပြီး အဆိုပါ လုပ်ငန်းများ၏ သက်ရောက်မှုသည် ဥရုမြစ်တိမ်ကောမှုကို ပိုမိုလာစေသည်ဟု သိရှိရပါသည်။ ချင်းတွင်းမြစ်၏ လက်တက်ဖြစ်သော မြစ်သာမြစ်နှင့်ဥရုမြစ်တို့တွင် ဥရုမြစ်သည် ရွှေလုပ်ငန်း ကျောက်တူးဖော်ခြင်း လုပ်ငန်းများကြောင့် တိမ်ကောမှု အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်ဟု သိရှိရသည်။
“အခုဆိုရင် ဥရုမြစ်ရေက သောက်သုံးဖို့ မသင့်တော့ဘူး။ မြစ်ဘေးဝဲယာမှာ ရွှေကျင်တဲ့လုပ်ငန်းတွေ ရှိနေတယ်။ ရွှေကျင်တဲ့အလုပ် ဆိုတာကလည်း ရေမပါဘဲ လုပ်လို့မှမရတာ။ ဒီလိုဆိုတော့ ရွှေကျင်လိုက်တဲ့ အနှစ်တွေက ဥရုမြစ်ကိုပဲ လာစုတာ။ ဥရုမြစ်ကို မကာကွယ်ရင်တော့ မကြာခင် အချိန်ကာလအတွင်းမှာ တိမ်ကောမယ့် အန္တရာယ်နဲ့ ကြုံကြရလိမ့်မယ်”ဟု အဆိုပါဒေသသို့ သွားရောက်သတင်းယူခဲ့သော ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတော်သမ္မတက ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ထားသော်လည်း စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ CPI နှင့် အေးရှား ဝေါလ် ကုမ္ပဏီဝန်ထမ်းများ မြစ်ဆုံ စီမံကိန်းဧရိယာအတွင်း လှုပ်ရှားမှုများ ရှိနေဆဲဖြစ်ကြောင်း Eleven Media Group မှ ရရှိထားသော အထောက်အထားများအရ သိရှိရသည်။
မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းသည် မေခမြစ်နှင့် မလိခမြစ်တို့ဆုံရာ မြစ်ဆုံဒေသနှင့် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အကြား၌ တည်ရှိကာ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ China Power Investment Corporation (CPI) တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အေးရှားဝေါလ်သည် လုပ်ငန်းလည်ပတ်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
      မြစ်ဆုံစီမံကိန်းသည် စီမံကိန်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှု(EIA) ပြုလုပ်ထားသည်ဆိုသော်လည်း မပြည့်စုံမှု၊ ကချင်ပြည်နယ် ဒေသတွင်းတွင်သာမက ဧရာဝတီမြစ်စီးဆင်းရာ ဒေသတစ်လျှောက် လူမှုရေး၊ စီးပွားရေး သက်ရောက်နိုင်ခြေရှိမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်းပျက်စီးနိုင်မှုတို့ အတွက်ကြောင့် မီဒီယာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဒေသခံများအပါအ၀င် နိုင်ငံတစ်ဝန်း ကန့်ကွက်မှုများ ရှိခဲ့သည့် အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 
စီမံကိန်း ရပ်ဆိုင်းထားပြီဟု ဆိုသော်လည်း လက်ရှိအချိန်အထိ လုပ်ငန်းခွင်တွင် CPI မှ ၀န်ထမ်းများရှိ နေဆဲဖြစ်ကြောင်း၊ လုပ်ငန်းလည်ပတ်သည့် အနေအထားများနှင့် ပတ်သက်၍ ကန့်သတ်နယ်မြေဖြစ်သောကြောင့် အသေအချာ လေ့လာခြင်း မပြုလုပ်နိုင် သော်လည်း လှုပ်ရှားမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။
       
      

Saturday, March 3, 2012

မိုဘိုင်းဖုန်းများ၏ ညပိုင်း ဖုန်းခေါ်ဆိုခနှုန်းထားများကို မတ်လ ၁၄ ရက်နေ့မှစ၍ ထက်ဝက်လျော့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
မတ်လ ၁၄ ရက်နေ့မှစ၍ ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း မိုဘိုင်းဖုန်းများ ခေါ်ဆိုအသုံးပြုသည် ဆိုပါက လက်ရှိကောက်ခံနေသည့် တစ်မိနစ် ကျပ် ၅၀ နှုန်းအစား တစ်မိနစ် ၂၅ ကျပ် နှုန်းသာ ကောက်ခံသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားခဲ့ပါ သည်။
ကျန်အချိန်များတွင် မိုဘိုင်း ဖုန်းခေါ်ဆိုပါက လက်ရှိ တစ်မိနစ် ကျပ် ၅၀နှုန်းအတိုင်းသာ ပုံမှန် ကောက်ခံမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
သံလွင်တံတား(မော်လမြိုင်) ဖွင့်လှစ်ပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့သည့် ပင်လယ်ပျော်စင်ယော်ငှက်များသည် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ပြန်လည်ရောက်ရှိလာခဲ့ရာ ယခုအခါ သံလွင်မြစ်အဆုံးပိုင်း ရေချိုရေငန်စပ် ရေပြင်ဧရိယာ (မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်ရေပြင်) တွင် ယခင်နှစ်များထက် ပိုမိုများပြားလာကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရှိရသည်။

Wednesday, February 29, 2012

ကျပ် ၁၈၀၀၀၀ ၀န်းကျင်ဖြင့် ဂျီအက်စ်အမ် ဖုန်းများကို ချထားပေးမည် ဟု သတင်းများ ထွက်ပေါ်ပြီး ရက်ပိုင်း အတွင်း ကျပ် ၂၃၀၀၀၀ ဖြင့် ချထားပေးမည်ဖြစ်ကြောင်း ထပ်မံသတင်း ထွက်ပေါ်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ဂျီအက်စ်အမ်ဖုန်းများကို တစ်လုံးလျှင် ငွေကျပ် ၁၈၀၀၀၀  နှုန်းဖြင့် ချထား ပေးရန်ရှိသည်ဟု သိရှိခဲ့ရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ပြန်လည် ညှိနှိုင်းချက်များအရ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ဂျီအက်စ်အမ် ဖုန်းတစ်လုံးလျှင် ၂၃၀၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ပြောင်းလဲ လျာထားသည်ဟု သတင်းများထွက်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်နီးစပ်သူ တစ်ဦး၏ ထပ်မံ ပြောကြားချက်အရ သိရှိရသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ စက်မှုနယ်မြေများနှင့် ထိုင်းနိုင်ငံနှင့် ဆက်သွယ်သည့် လမ်းကြောင်းအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုဘ၀ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းကို တတိယ အဖွဲ့အစည်းများဖြစ်သည့် ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ် နှင့်ကုမ္ပဏီနှစ်ခုတို့မှ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။

Italian-Thai Development Public Co., Ltd (ITD) အနေဖြင့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ စက်မှု နယ်မြေများ အပါအ၀င် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများ၊ ထိုင်းနိုင်ငံနှင့် ဆက်သွယ်မည့် မော်တော်ကားလမ်း၊ ရထားလမ်း စသည်တို့ အတွက် အမေရိကန်ဒေါ်လာ သန်း ၈၆၀၀ ခန့် ရင်းနှီးမြှပ်နှံကာစီမံကိန်းအား ၁၀ နှစ်အတွင်း အပြီး တည်ဆောက်သွားမည်
“အထူးစီးပွားရေးဇုန် တည်ဆောက်မှုနှင့် ပတ်သက်၍လည်းကောင်း ထိုင်းနိုင်ငံနှင့် ဆက်သွယ်သည့် လမ်းကြောင်းဖောက်လုပ်ခြင်းကြောင့် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လေ့လာ ဆန်းစစ်မှုများ (Environmental Impact Assessment)၊ လူမှုဘ၀ ထိခိုက်မှုကို လေ့လာဆန်းစစ်မှု များ (Social Impact Assessment)) ကို စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒီလိုလေ့လာဆန်းစစ်ရာမှာ ရေနက် ဆိပ်ကမ်းနဲ့ စက်မှုဇုန်နယ် မြေများအတွက် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု၊ လူမှုဘ၀ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းကို တတိယအဖွဲ့အစည်း(Third Party)ဖြစ်တဲ့ TEAM Consulting Engineering and Management Co., Ltd. ကလည်း ကောင်း၊ ထိုင်းနိုင်ငံနဲ့ ဆက်သွယ်မယ့် လမ်းကြောင်းနဲ့ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းကို တတိယ အဖွဲ့အစည်းဖြစ်တဲ့ Chulalongkorn University and Tesco Co., Ltd တို့ ကလည်းကောင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေးစီမံကိန်းတို့အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာဆိပ်ကမ်း အာဏာပိုင်နှင့် Italian-Thai Development Public Co., Ltd (ITD) တို့မှ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် မူဘောင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းတစ်ခုလုံး ၏ ရင်းနှီး တည်ဆောက်သူဖြစ်သည့် Italian-Thai Development Public Co., Ltd(ITD)  အနေဖြင့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ စက်မှုနယ်မြေများ အပါ အ၀င် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများ၊ ထိုင်းနိုင်ငံ နှင့် ဆက်သွယ်မည့် မော်တော်ကား လမ်း၊ ရထားလမ်း စသည်တို့အတွက် အမေရိကန်ဒေါ်လာသန်း ၈၆၀၀ ခန့်ရင်းနှီးမြှုပ်နှံကာ စီမံကိန်းအား ၁၀ နှစ်အတွင်းအပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“ထားဝယ်စက်မှုဇုန် နယ်နိမိတ်အတွင်း လောင်းလုံမြို့နယ်က နေ ညောင်ပင်ဆိပ်ကျေးရွာ ၊ရေဖြူ မြို့နယ်မှ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ မယင်းကြီး၊ မူဒူးရွာနဲ့ ကလုတ်ထာကျေးရွာတို့ အပါအ၀င် ရွှေ့ပြောင်းရမယ့် ကျေးရွာ စုစုပေါင်း ခုနစ်ရွာ ရှိပါတယ်။ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ မယင်းကြီး၊ မူဒူးရွာ တို့ကို ဘ၀ါရွာမှာလည်ကောင်း၊ ကလုတ်ထာ ကျေးရွာကို ကလုတ်ကျေးရွာ အနီးပတ်ဝန်းကျင်တွင် ပြန် လည်နေရာချထားပေးရေး ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျေးရွာရွှေ့ပြောင်းမှုမှာ တစ်ပါတည်းပါရှိရမယ့် ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း၊ သာသနိက အဆောက်အအုံတွေကို ကျေးရွာပြောင်းရွှေ့ချိန်မှာ အဆင်သင့်ဖြစ်အောင် ညှိနှိုင်းထားပါတယ်။ ထားဝယ် အထူးစီးပွားရေးဇုန်ဥပဒေ ပုဒ်မ ၅၀ (က၊ခ၊ဂ) အရ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းတွေမှာ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းတွေအတွက် နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနဲ့ ၀န်ထမ်းများ ကို လုပ်ငန်းစတင်တဲ့နှစ်မှ ပထမ ငါးနှစ်ကုန်ဆုံးချိန်တွင် အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယငါးနှစ် ကုန်ဆုံးချိန်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယငါးနှစ်ကုန်ဆုံးချိန် တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း အသီးသီး ခန့်ထားပေးရေး  စီစဉ် ဆောင်ရွက်ထားပါတယ်”ဟု ပြော ကြားခဲ့သည်။
ပြောင်းရွှေ့မည့် ကျေးရွာများမှ မိသားစုများအတွက် သွပ်မိုး၊ နှစ်ထပ် တိုက်ခံအိမ် အမျိုးအစားများ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Sunday, February 26, 2012

အင်းလေးကန်အတွင်း ရေပြင်ဧရိယာ ကျဉ်းမြောင်းလာကာ တစ်နှစ်ထက်တစ်နှစ် ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ် အသုံးပြုရန် မသင့်တော်သည့်အခြေအနေတွင်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။
''အင်းလေးကန်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကန်ရေပြင် တဖြည်းဖြည်း ကျဉ်းမြောင်းလာသလို ရေအရည်အသွေးကလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ အရင်နှစ်တွေတုန်းက အခြေအနေက သောက်ဖို့မသင့်တော်ပေမယ့် သုံးလို့ရနိုင်တဲ့ အနေအထားရှိသေးတယ်။ ခုနောက်ပိုင်းမှာ ကျန်းမာရေးရှုထောင့်အရ သုံးဖို့တောင် မသင့်တော်တော့တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီရေမှမသုံးရင် သုံးစရာရေမရှိလို့ မဖြစ်မနေသုံးနေရတယ်ဆိုရင်လည်း ဒီရေကိုသုံးနေရတဲ့အတွက် အကျိုးသက်ရောက်မှုက တိုက်ရိုက်မဟုတ် ရင်တောင် သွယ်ဝိုက်ပြီးလာနိုင်ပါတယ်။ ဒါတွေကို ဒေသခံတွေ သတိပြုသင့်ပါတယ်''ဟုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုပါသည်။
ရေအရည်အသွေးကျဆင်းရ  ခြင်းဖြစ်ပေါ်စေသည့်အကြောင်းရင်း များမှာ ပိုးသတ်ဆေးများအလွန်အ ကျွံသုံးစွဲလာခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှု များပြားလာခြင်း၊ ရေမှော်၊ ဗေဒါ၊ဒိုက်စသည်များ ဖွံ့ဖြိုးလာခြင်း၊ ရေခြံ(floating gardens) အဟောင်းများ စနစ်တကျ မဖယ်ရှားနိုင်ခြင်း၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားများ၏ စွန့်ပစ်ပစ္စည်းများ ပေါများလာခြင်း၊ မိလ္လာစနစ်များ ခေတ်မမီခြင်းနှင့် လက်ရက်ကန်းများတွင် အသုံးပြုသော ဆိုးဆေး(Dye)များအား ကန်အတွင်းစွန့်ပစ်ခြင်းများကြောင့်ဖြစ်ကြောင်းလည်း သိရသည်။
''အင်းလေးဝန်းကျင်က ဒေသခံတွေမှာ သဘာဝနဲ့မကိုက်ညီတဲ့ အသက်မွေးမှုတွေ ရှိနေတယ်။ စားဝတ်နေရေးက ခေတ်နဲ့လိုက်လျောညီထွေရှိအောင် မလုပ်တာလည်းပါတယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးတယ်။ ခရမ်းချဉ်သီးအတွက် ဓာတ် မြေသြဇာတွေ အသုံးများလာတယ်။ အမှိုက်တွေ စည်းကမ်းမဲ့ပစ်တယ်။ စတဲ့အကြောင်းအရာတွေကြောင့် ရေအရည်အသွေး ကျကျလာတယ်။ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ဒီရေတွေကို ဒေသခံတွေ သောက်သုံးနေတာဟာ သက်ရောက်မှုတွေ လာနိုင်တယ်။ ဒါကြောင့် ဒီရေတွေကို သောက်သုံးရေအဖြစ် မသုံးသင့်တဲ့အခြေအနေမှာ ရှိနေပါတယ်''ဟုလည်း UNDP မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အင်းလေးကန်သည် ၁၉၃၄ ခုနှစ် မြေတိုင်းမြေပုံများအရ ကန်အကျယ်အ၀န်းမှာ ၁၀၄ စတုရန်းမိုင်၊ ၂၀၀၅ ခုနှစ်တွင် ၈၇ ဒသမ ၅၄ စတု ရန်းမိုင်၊၂၀၀၇ ခုနှစ်တွင် ၆၃ စတု ရန်းမိုင်သာရှိတော့ကြောင်း ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာနမှရရှိသော သတင်းများအရ သိရှိရသည်။
အင်းလေးကန်အတွင်း ရေ၀င်ချောင်း စုစုပေါင်း ၂၉ ချောင်းရှိကာ အဓိကစီးဝင်သည့်ချောင်းများမှာ နမ့်လတ်ချောင်း၊ နယ်ခြားချောင်း၊ ကလောချောင်းနှင့် ဘီလူးချောင်းတို့ဖြစ်ကာ ရေဆင်းဧရိယာစုစုပေါင်း ၁၄၂၂  စတုရန်းမိုင်ရှိကြောင်းလည်း သိရှိရသည်။